မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၁၁

ကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် မကွေးတက္ကသိုလ်တို့ပူးပေါင်း၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် ကောင်းမွန်သည့် ဥပဒေရေးရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် မကွေးတက္ကသိုလ်၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက  အဖွင့်အမှာစကား ပြောကြားရာတွင် တရားမျှတမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေပြုပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဥပဒေအရ ရပိုင်ခွင့်များ၊ အခွင့်အရေးများနှင့် တာဝန်များကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ကြီးမှူးပြီး ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်လှစ်ခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကောင်းမွန်သောရည်ရွယ်ချက်ပင်ဖြစ်ပါကြောင်းဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ဘာသာရပ်များကို လေ့လာရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာမှာ အဆင်ပြေချောမွေ့မှာဖြစ်ပါကြောင်း၊ သင်တန်းသို့ တက်ရောက် သည့်အတွက် ဥပဒေရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာခွင့်ရရှိနိုင်မှာဖြစ်သလို ခေတ်ကာလနှင့် အညီ ပြောင်းလဲနေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသိရှိခြင်းဖြင့် မိမိအတွက်သာမက နိုင်ငံတော်နှင့်လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ ဥပဒေပညာပြန့်ပွားရေးကို ဆောင်ရွက်ခြင်းဖြင့် ဥပဒေရေးရာကိုင်တွယ်ဆောင်ရွက်မှုများတွင် အမှားအယွင်းနည်းပါး၍ အပြစ်ကင်းစင်ပြီး ဥပဒေများကို လေးစားလိုက်နာဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးထိရောက်သည့် လုပ်ဆောင်ချက်များနှင့် နိုင်ငံနှင့် ပြည်သူအတွက် ကောင်းကျိုးများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကာ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပေးသင်တန်းကျောင်း မှတ်တမ်း Video Clip အား ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က ဥပဒေရေးရာဝန်ကြီးဌာန သမိုင်းကြောင်း ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မကွေးတက္ကသိုလ်မှ ဆရာ၊ ဆရာမ (၂၀) ဦး၊  ဥပဒေပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ (၁၈၀) ဦး စုစုပေါင်း (၂၀၀) ဦးအား ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ၊ ဥပဒေအရာရှိ၏ လုပ်ငန်းတာဝန်နှင့် ကျင့်ဝတ်၊ အကြမ်းဖတ်တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ လက်နက်ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူသတ်မှုနှင့် လူသေမှုအကြောင်း သိကောင်းစရာများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေစသည်တို့ကို ဥပဒေအရာရှိများက ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)