လွိုင်ကော် နို၀င်ဘာ ၁၆
ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ မှုံပြာကျေးရွာတွင် စိုက်ပျိုးတောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ သီးနှံများစိုက်ပျိုးသည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ မှုံပြာကျေးရွာနေ တောင်သူ ဦးသန့်ဇင်က “မှုံပြာကျေးရွာဟာ လွိုင်ကော်မြို့နဲ့ နီးတဲ့အတွက် လွိုင်ကော်မြို့မှာရှိတဲ့ စျေးတွေကို သွားရောက်ရောင်းချကြရာမှာ အရင်နှစ်တွေလောက်တော့ စျေးကောင်းမရရှိပါဘူး၊ မှုံပြာကျေးရွာမှာ ဘီလူးချောင်းရေကို အသုံးပြုပြီး သီးနှံများကို နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးကြတာ အဆင်ပြေတယ်၊ ကျေးရွာမှာ အင်းသားလူမျိုး အိမ်ခြေ (၂၅၀) ကျော် နေထိုင်ပြီး စိုက်ပျိုးရေး လုပ်ကိုင်တဲ့တောင်သူ (၈၀)ရာခိုင်နှုန်း ရှိကြောင်းနှင့် ကျန်(၂၀) ရာခိုင်နှုန်းမှာ လက်လုပ်လက်စားအဖြစ် လုပ်ကိုင်ကြကြောင်း” ပြောကြားခဲ့သည်။
လွိုင်ကော်မြို့နယ် ၊ မှုံပြာကျေးရွာရှိ စိုက်ပျိုးတောင်သူများအနေဖြင့် အဓိကစိုက်ပျိုးသည့် သီးနှံများမှာ မုန်ညှင်း၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ ပဲသီး၊ သခွားသီးနှင့် ခရမ်းသီး စသည့် သီးနှံများ ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)