ကော့သောင်း ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများပြခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အေးရိပ်ငြိမ်ရပ်ကွက်ရှိ အ-ထ-က(၃)ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တို့သည် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်းရမည်ဖြစ်ရာ ငယ်ရွယ်စဉ်ကာလမှစ၍ အသိပညာဗဟုသုတများ သိုမှီးရမည်ဖြစ်ကြောင်းနှင့် "ကာယ၊ ဉာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တ" ဟူသည့် ဗလ(၅)တန်ဖွံ့ဖြိုးရန် အတွက် အကျိုးရှိမည့်စာအုပ်၊ စာပေများ ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ခြင်း အလေ့အထကောင်းများဖြစ်စေရန် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးနိုင်ကျော်ဝင်းကလူငယ်များ အနေဖြင့် အသက်အရွယ်အလိုက်ကစားသင့်သည့် အားကစားများ၊ နည်းမှန်စနစ်မှန်ကစားရန် လိုအပ်သည့်အချက်များ၊ ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကျင်းပပြုလုပ်ပေးသွားမည့် အားကစားပြိုင်ပွဲအမျိုးအစားများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံများနှင့် သဘာဝဘေးအန္တာရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)