အုတ်တွင်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နေ့ထူးနေ့မြတ်သမိုင်းအကြောင်းအရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာမူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာက “အာဇာနည်နေ့သည် မြန်မာ့သမိုင်းတွင် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခံရသည့်နေ့ဖြစ်ပါသည်။ အခြားနေ့ထူးနေ့မြတ်များတွင် မြန်မာပြည်သူပြည်သားတို့မှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ပီတိအဟုန်ကို ခံစားရသော်လည်း ဤနေ့ကား ရဟန်းရှင်လူပြည်သူအားလုံး စိတ်နှလုံးညိုးငယ်ရသောနေ့ ဖြစ်ပါသည်။ ပြည်သူလူထု၏ စိတ်နှလုံးဝမ်းနည်းကြေကွဲရခြင်းမှာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ကြသည့် တိုင်းပြည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းအပါတစ်စုတို့သည် အမျိုးသားသစ္စာဖောက်တို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ရသည့်နေ့ဖြစ်သောကြောင့် ထိုနေ့ကိုအာဇာနည်နေ့အဖြစ်သတ်မှတ်ကာ နှစ်စဥ် ဇူလိုင်(၁၉)ရက်နေ့ရောက်တိုင်း မမေ့နိုင်သောအာဇာနည်ကိုးဦးအား ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်ဖြင့် အစိုးရရုံးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်တစ်ဝက်လွင့်ထူပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ဂုဏ်ကျေးဇူးကို အောက်မေ့သတိရကာ အလေးပြုကြရပါကြောင်း” နှင့် အာဇာနည်ကိုးဦး၏ သမိုင်းအကျဥ်းချုပ်အား အသိပညာပေးဟောပြောခဲ့ပြီး တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/နည်းပညာဌာနခွဲတာဝန်ခံ ဦးစီးမှူးဦးစောသန်းထိုက်ကျော်မှ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းနှင့် စားသုံးရန်မသင့်သောအစားအစာများ၊ ဆောင်ရန်၊ ရှောင်ရန်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်းသိရသည်။
ခင်ခင်မာ (ပြန်/ဆက်)