ပဲခူး ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းဖတ်ကြားခဲ့သည်။ ၎င်းနောက် မိုးစပါးစိုက်ရာသီဖြစ်၍ သတ်မှတ်လျာထားသည့် မိုးစပါးစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ရန်နှင့် ပျိုးခြံများရှိ ပျိုးပင်များ ဇူလိုင်လအတွင်းအပြီး စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ဧရာဝတီမြစ်တစ်လျှောက်ရှိ ရေတားတာများတွင် ရေကင်းများထားရှိ၍ တာများ၏ကြံခိုင်မှုများအား စဉ်ဆက်မပြတ်ကြီးကြပ်စစ်ဆေးရန်နှင့် မြစ်ရေကြီးမှုသတိပေးခြင်းများအား ပြည်သူများသိရှိနိုင်စေရေး ကြိုတင်အသိပေးခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ လိုအပ်သည်ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ဟောပြောခြင်းများ ဆောင်ရွက်သွားရန်နှင့် အများနားလည်နိုင်သည့် စကားလုံးများဖြင့် ဥပဒေအနှစ်ချုပ်စာအုပ်များ ဖြန့်ဝေပေးသွားရမှာဖြစ်ကြောင်း၊ မိုးရာသီအတွင်းဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ အသိပညာပေးရန်နှင့် ဖြစ်ပွားလာပါက ကုသခြင်းနှင့်ထိန်းချုပ်ခြင်းလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့နယ်အလိုက် စီမံဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်၍ သက်ဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများအလိုက် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအား စဉ်ဆက်မပြတ်သွားရောက်ကြည့်ရှုစစ်ဆေးရန် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အခြေခံစားသုံးကုန်များ၊ ဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိစေရေး အခွန်ပုန်း၊ အခွန်ရှောင်များအား စိစစ်ဖော်ထုတ်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်ပစ္စည်း များ သယ်ဆောင်မှုမရှိစေရေး စနစ်တကျစစ်ဆေးသွားရန်နှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြသန့်ရှင်းသာယာလှပေစေရေးနှင့် အခြေခံစားသုံးကုန်များ ရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များ စက်သုံးဆီဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးနှင့်သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ တရားရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ အဆင့်မြင့်ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုနှင့် သီးခြားလိုအပ်ချက်များအားတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနတစ်ခုချင်းအလိုက် တင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)