ဓနုဖြူမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဓနုဖြူ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မြင့်မှ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကိုကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသော အစားအစာစားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ သောက်‌ရေသန့်(သို့မဟုတ်)ရေကိုကျိုချက်၍သောက်ရန်၊ လက်သန့်စင်ရေးနှင့် တကိုယ်ရေသန့်ရှင်းရေးဂရုပြုရန်၊ ယင်လုံအိမ်သာသုံးစွဲရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသရန်စသည်တို့ကို ရှင်းလင်းပြောကြားပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ထို့နောက်ဓနုဖြူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လဖက်ရည်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များတွင် ရောင်းချနေသော အစားအစာများ သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)