ကျွန်းစု ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ကတ္တလူကျေးရွာသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက စာကြည့်တိုက် ဆောက်လုပ်ရေးအတွက် လိုအပ်သည်များနှင့် ကျေးရွာစာကြည့်တိုက်အတွင်း စာပေဖတ်ရှုသူ များပြားလာစေရေးအတွက် ကျေးရွာတာဝန်ရှိသူများက ပြုလုပ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာကြည့်တိုက်ဆောက်လုပ်ရာတွင် အဆောက်အဦအရွယ်အစားနှင့် ဆောင်ရွက်ရမည့် အချက်အလက်များအား ချပြရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)