ထားဝယ် ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတစ်နိုင်ငံ၏အောင်မြင်မှုသည် နိုင်ငံမှာရှိသောနိုင်ငံသား အားလုံး၏ အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုများနဲ့ တတ်ကျွမ်းမှုများအပေါ်မှာ မူတည်လျက်ရှိကြောင်း၊ ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန်အခွင့်အလမ်းများဖန်တီးပေးပြီး မိမိတို့ရပ်ရွာဒေသ အသိုင်းအဝန်းတွင်အောင်မြင်မှုများဖြစ်စေပြီး အမျိုးသားလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူ ဖြစ်စေကြောင်း၊ ပညာရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံသော နိုင်ငံများသည် လူမှုရေး၊ စီးပွားရေးကြွယ်ဝ ဖွံ့ဖြိုးတိုးတက်ခြင်းကဲ့သို့သော ကြီးမားသည့် ရေရှည်အကျိုးဖြစ်ထွန်းမှုများကို ရရှိခံစားကြကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ ဗဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိကျင့်သုံးနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လိုက်လျောညီထွေဖြစ်စေရန် ကျေးလက်ကျောင်းများ၊ မြို့ပြကျောင်းများနှင့် တန်းတူဖြစ်ရန် ကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် သင်ကြားရေးပိုင်းပါ အားဖြည့်ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၀၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၇၇) ကျောင်း၊ အလယ်တန်းကျောင်း(၉၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၂၇)ကျောင်း၊ မူလွန်ကျောင်း(၂၀၃) ကျောင်း၊ မူလတန်းကျောင်း (၆၈၅)ကျောင်း၊ မူလတန်းကျောင်းခွဲ(၆၆)ကျောင်း၊ စုစုပေါင်း (၁၃၅၄) ကျောင်းဖွင့်လှစ် သင်ကြားလျက်ရှိ ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် စနစ်ဟောင်းဒသမတန်း/Grade-11 တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများအားလုံးကို၂၀၂၄ခုနှစ်တွင် ကျင်းပခဲ့သည့် စနစ်သစ် ဒွါဒသမတန်း/ Grade-12 တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့်ပြု ပေးခဲ့ရာသင်ယူတတ်မြောက်မှု အခွင့်အလမ်းများ ရရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထူးချွန်သူများနှင့် သင်ယူရန် အခက်အခဲရှိသူများကို ပညာသင်ထောက်ပံ့ကြေး၊ ပညာသင်ဆုများချီးမြှင့်ပြီး မွေးထုတ်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုနှစ်စဉ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်တိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းကို ယခုနှစ်ထက်ပိုမိုတိုးတက်အောင် ပညာရေးဝန်ထမ်းများနှင့်အတူ ကျောင်းသား၊/သူများနှင့် မိဘများက ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးဆရာ/မများက ဂုဏ်ပြုထိုက်လို့ ဂုဏ်ပြုလိုက်သည်သီချင်းဖြင့် လည်းကောင်း၊ ရမ္မဇူကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဖူးပွင့်ဝေစီ အနာဂတ်ဆီ” သီချင်းဖြင့် လည်းကောင်း သီဆိုဂုဏ်ပြုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ နိုင်ငံတော်အဆင့်ပထမ ဆုရရှိအောင်သင်ကြားပေးနိုင်သော ကန်စွန်းအင် ကိုယ်ပိုင်အထက်တန်းကျောင်း (မြိတ်မြို့)၊ (၆)ဘာသာဂုဏ်ထူးရရှိအောင် သင်ကြားပေးနိုင်သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသော (၆)ဘာသာဂုဏ်ထူးရှင်(ဝိပ္ပံဘာသာတွဲ) မောင်လင်းလင်းပိုင်နှင့် (၆)ဘာသာဂုဏ်ထူးရှင်များဖြစ်သည့် မောင်မိုးမြင့်ထက်အောင်၊ မောင်ထူးမြတ်မင်းအိမ်တို့အား ဆုများချီးမြှင့်ပြီးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက (၅)ဘာသာဂုဏ်ထူးရရှိသူ (၉)ဦး၊ (၄)ဘာသာ(၈)ဦး၊ (၃)ဘာသာ(၁၃)ဦး၊ (၂)ဘာသာ (၄၅)ဦး၊ (၁) ဘာသာ(၁၂၆)ဦး ရရှိသူများအားဆုများ ချီးမြှင့်သည်။
ယင်းနောက် ဆုရကျောင်းသား/ သူများကိုယ်စား (၆) ဘာသာဂုဏ်ထူးရှင် မောင်လင်းလင်းပိုင်က ကျေးဇူးတင်စကား ပြောကြားပြီးကျောင်းသား/သူများက လမ်းပြကြယ် သီချင်းဖြင့် သီဆိုဂုဏ်ပြုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသောကျောင်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)