စလင်း ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၂) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ယာယီပိတ်ထားကြောင်း စလင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စလင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မြင့်တက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများဖြစ်သည့် ပေါက်ကုန်းကျေးရွာအုပ်စု မူလွန်ပေါက်ကုန်းကျောင်းနှင့် ဇီးကွန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ပြီး ယင်းစာသင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စာသင်ချိန်သင်ခန်းစာများ နောက်မကျစေရန် ကျောင်းပြန်ဖွင့်ချိန်များတွင် စာသင်ရက်များတိုး၍ စနစ်တကျပြန်လည် သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း