ပေါင်းတည် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကောက်စိုက်စက်ဖြင့် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်(RS)စိုက်ခင်းအတွက် စိုက်ပျိုးထားသော မျိုးသန့်ခြံရှိ ဗီယက်နမ်မျိုးစပါးပင်များသည် ရှင်သန်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါ ဗီယက်နမ်စပါးမျိုးသည် ဒေသအတွက် မျိုးအသစ်ဖြစ်ပြီး အထွက်ကောင်းမျိုးသန့် စပါးမျိုးဖြစ်၍ ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်းစေရန်နှင့် ဒေသတွင်းပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရန်ရည်ရွယ်၍ တောင်သူများသို့ မျိုးပွားဖြန့်ဖြူးပေးနိုင်ရန် မျိုးသန့်ခြံအတွင်း စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မျိုးသန့်ခြံ (ဌာနခွဲ)မှ သိရသည်။
ယခုရှင်သန်ဖြစ်ထွန်းလျက်ရှိသောမျိုးစပါးပင်များသည် ဇွန်လ ၁၂ ရက်က လက်ဆွဲကောက်စိုက်ကိရိယာနှင့် ၆ တန်းသွား ကောက်စိုက်စက်များဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ သက်တမ်းရက် ၃၀ ရှိနေပြီဖြစ်ကြောင်း၊ မျိုးစပါးထုတ်လုပ်ရန် မျိုးသန့်ခြံအတွင်း ၆ ဧက စိုက်ပျိုးထားလျက်ရှိကြောင်း၊ လာမည့်နွေစပါးစိုက်ပျိုးမှုတွင် တစ်ဧကလျှင် စပါးတင်း ၁၅၀ ဝန်းကျင်ထွက်ရှိသော မျိုးကောင်းမျိုးသန့်ဗီယက်နမ် စပါးမျိုးကို တောင်သူများ ပိုမိုစိုက်ပျိုးလာစေရန် လျာထားထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးသန့်ခြံဌာနခွဲမှ သိရသည်။
သူရကြီး (ပြန်/ဆက်)