ပေါင်းတည် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတတိုးပွားစေရေးတို့အတွက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နေ့လယ် ၂ နာရီက အ.လ.က (ကြူတောကန်)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဆုစံက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးအန္တရာယ်နှင့် ဆိုးကျိုးများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် ဗဟုသုတတိုးပွားနိုင်ရန် စာကောင်းပေမွန်များ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဗန်လာငဲငါက မိုးရာသီသစ်ပင်စိုက်ပျိုးရေး ပြုစုပျိုးထောင်ရေးအကြောင်းကို ဟောပြောကာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သော အစားအစာများအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက သုံးရာသီစက္ကူပြဇာတ်ကိုပြသပေးကာ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ဝေငှကာ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)