ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ရက်ပြည့်သူ (၂၃)ဦးအား Swabနမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ဟားခါး         နိုဝင်ဘာ       ၁၆

ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များနှင့်အညီ ဟားခါးမြို့နယ် အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ရက်ပြည့်သူ ၂၃ ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် နိုဝင်ဘာလ ၁၆ ရက်နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့ Facility Quarantine ၁၄ရက်ပြည့်သူ ၂၃ဦးကို Swabနမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ Facility Quarantine ၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်သူများမှာ ပြည်တွင်းမှ ပြန်လာသူများဖြစ်ကြောင်း၊ Facility Quarantine မှ ပြန်လည်စေလွှတ်ခြင်းခံရသူများအား တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ရက် အတွက် ငွေကျပ်စုစုပေါင်း ၁၁၂၇၀၀၀ကျပ် နှင့် ကျန်းမာကြောင်းထောက်ခံစာများ ထောက်ပံ့ပေးအပ် ခဲ့ကြပြီး မိမိအိမ်တွင် Home Quarantine ၇ ရက်ထပ်မံနေရန်များကို တာဝန်ရှိသူများက မှာကြားခဲ့ကြောင်း သိရှိရသည်။

Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် လူငယ်Volunteerများပူးပေါင်း၍ စောင့်ကြပ် ကြည့်ရှု ပေးလျက်ရှိကြောင်း၊Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ရက်အတွက် ငွေကျပ်၄၉၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀ အထက် များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့်  Facility Quarantine ၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်ပြီးနောက် ဟားခါးမြို့ Facility Quarantine Centre (၄)ခုတွင် ကျန်ရှိသူ (၉၃)ဦးရှိကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

အောင်ခွီရှိန်း-ခရိုင်(ပြန်/ဆက်)