စစ်ကိုင်း ဇူလိုင် ၁၁
စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေဘေး ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း(၃)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး စောမြင့်က စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေပြီဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ မြို့မိ/ မြို့ဖများ၊ ရပ်မိ/ ရပ်ဖများအနေဖြင့် မိမိတို့ရပ်ကွက်ဒေသများရှိ ရေဝင်အိမ်ထောင်စုများနှင့် လူဦးရေစာရင်းများကို တိကျမှန်ကန်စွာ ကောက်ယူပြီး သက်ဆိုင်ရာကုန်းမြင့် ရေလွတ်ရာများသို့ နေရာချထားပေးနိုင်ရန် ဆွေး နွေးရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ခရိုင်/ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လမ်းညွှန်မှုဖြင့် ဧရာ ဝတီမြစ်ကမ်းတစ်လျှောက် အန္တရာယ်ရှိနိုင်မည့်နေရာများတွင် သဲအိတ်များချထားခြင်း၊ သဲများစုဆောင်း ထားရှိခြင်း၊ ရေကင်းစောင့်ကြပ်ရေးအဖွဲ့များလည်း နေ့စဉ်ထားရှိပေးထားကြောင်း၊ မိမိဒေသအတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းပါဝင်မှသာ ရေဘေးကာကွယ်တားဆီးနိုင်မှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ဧရာဝတီမြစ်ရေ စိုးရိမ် ရေအမှတ်အထက် ရောက်ရှိနေပြီဖြစ်တဲ့အတွက် အချို့သောမြေနိမ့်ရပ်ကွက်များတွင် ရေဝင်ရောက် လျှက်ရှိတာကို လှည့်လည်ကြည့်ရှုရင်း တွေ့မြင်ရကြောင်း၊ ရေဝင်အိမ်ထောင်စုများအား ရေလွတ်ရာသို့ ပြောင်းရွေ့ပေးသွားမည့်အခြေအနေများ၊ အလုပ်အကိုင်ပျက်ပါက စားသောက်ရေး အဆင်ပြေအောင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည့် အခြေအနေများ ကြို တင်ဆောင်ရွက်ထားရှိပြီးဖြစ်ရာ တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လည်းအပြုသဘောဖြင့် ရိုးသားပွင့်လင်းစွာ အကြံပြုတင်ပြပေးသွားကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက နှစ်စဉ်ဧရာဝတီ မြစ်ရေဝင်ရောက်မှုအခြေအနေများနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ရေဘေးကာကွယ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းမြို့၏ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ(၁၁၅၀)စင်တီမီတာဖြစ်ပြီး ဇူလိုင်(၁၀)ရက်၊ မွန်းလွဲ(၂)နာရီတိုင်းထွာချက်အရ (၁၁၈၈)စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်ရာ စိုးရိမ်ရေအမှတ်အထက် (၃၈)စင်တီမီတာ ကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရုံးမှ သိရသည်။
ဇော်မြင့်နိုင်