ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှု များပြားလာ

ပခုက္ကူ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်‌ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှု များပြားလာလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၂၁၅၀ စင်တီမီတာ(၇၀ ဒသမ ၅ ပေ)ဖြစ်ပြီး ဇူလိုင်လ ၁၁ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၂၂၁၀ စင်တီမီတာ (၇၂ ဒသမ ၄ ပေ)‌သို့ရောက်ရှိရာ စိုးရိမ်ရေမှတ် ၆၀ စင်တီမီတာ (၁ ဒသမ ၉ ပေ)ထက် ကျော်လွန်မြင့်တက်လာမှုကြောင့်  ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုများပြားလျက်ရှိကြောင်း၊ အဆိုပါမြစ်ရေဝင်ရောက်မှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွတ်ရာ‌နေရာများသို့ ကူညီရွှေ့ပြောင်း‌ပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေထိုင်မည့်နေရာ စီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များအပြင် မြို့နယ်အတွင်း ကျေးရွာတချို့ရှိ လူနေအိမ်များတွင်လည်း မြစ်ရေဝင်ရောက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်အတူ ကူညီကယ်‌ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)