ငဖဲ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အဖွင့်အမှာစကားပြောကြာပြီး အထက်တန်းပြဆရာမဒေါ်ခင်ခင်သင်းက နိုင်ငံ့ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ဆရာမဒေါ်မြင့်မြင့်ထွေးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးချစ်စိတ်ဓါတ်နှင့် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုသမိုင်း၊ ဆရာမဒေါ်ပပဝင်းက အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိအကျဉ်းတို့ကို ဟောပြောခဲ့ပါသည်။
ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာအေးက "ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့တဲ့အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံအပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓာတ်၊ စွန့်လွတ်အနစ်နာခံမှု၊ လေးစားအတုယူဖွယ်ကောင်းတဲ့ စိတ်ထားတွေကိုသိရှိပြီး သွေးမကွဲဘဲ စည်းစည်းလုံးလုံးနေထိုင်တတ်စေရန်နှင့် နောင်တစ်ချိန်နိုင်ငံတော်မှအားထားရတဲ့ နိုင်ငံသားကောင်းများဖြစ်ပေါ်လာစေရန်" ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါဟောပြောပွဲသို့ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(စိုးမိုး)NPE