ဝေါမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ဝေါမြို့အခြေခံပညာလယ်တန်းကျောင်း(ကျိုက်လှ)၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်မော်က အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က Moderator အဖြစ် ဆောင်ရွက်ပေးပြီး အခြေခံပညာအလယ်တန်းကျောင်း(ကျိုက်လှ)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade 9မှ မောင်ဟိန်းမိုဇော်က ကျောင်းသားနှင့် စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade9 မှ မောင်ဇွဲယုံမာန်ကလွန်ဆွဲပွဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade9 မှ မငြိမ်းငြိမ်းဝေက ကမ္ဘာ့ကျန်းမာရေးနေ့ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade 9မှ မမေပြည့်စုံက ပညာရွှေအိုးလူမခိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 7မှ မခွန်ဆင့်နွေဦးရှိန်က လင်ကွန်သမ္မတခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)