မြို့သစ် ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ ဆည်ရေရယူစိုက်ပျိုးရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်နှင့် ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် လက်ကြားမြောင်းများတူးဖော်၍ ရေရယူစိုက်ပျိုးကြရန် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပင်းစုကျေးရွာရှိ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင်၊ ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
“မြို့သစ်မြို့နယ်အနေနဲ့ ဆည်ရေသောက်စနစ်အလိုက်မှာ နွေစပါးသော်လည်းကောင်း၊ မိုးစပါးသော်လည်းကောင်း စိုက်ပျိုးရာသီမတိုင်ခင်မှာ လက်ကြားမြောင်းတွေရှင်းလင်းပါတယ်။ ယခင်လည်း အစဉ်အဆက် တောက်လျှောက် တောင်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ကွင်းဆင်းပြီး ဆောင်ရွက်ခဲ့တော့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်နေပါပြီ။ အခုလည်း ဆက်လက်ပြီးတော့ ကွက်သစ်သောက်စနစ်ကနေ လက်ကြားမြောင်းစနစ်ပြောင်းဖို့အတွက်ကို လစဉ်တောင်သူတွေကို တွန်းအားပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က လစဉ်ရှေ့တန်းစခန်းအစည်းအဝေးတွေမှာ တောင်သူတွေကို ချပြရှင်းလင်းပြီး စည်းရုံးဆောင်ရွက်လျက်ရှိပါတယ်။ မြို့သစ်မြို့နယ်မှာတော့ ဆည်ရေသောက်စနစ် (၅)ခုရှိပါတယ်။ စွန်ချောင်းတမံ၊ ဆဒ္ဒန်တမံ၊ ပုလင်းတမံ၊ ဘုတ်ချောင်းတမံနဲ့ နတ်မောက်(လက်ဝဲ၊ လက်ယာ)ရေသောက်စနစ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်သူတွေနဲ့ ကွင်းဆင်းဆွေးနွေးပြီးတော့ ကွက်သစ်သောက်စနစ်ကနေလက်ကြားမြောင်းစနစ် အဆင့်ဆင့် စိုက်ပျိုးရေအောင်မြင်စွာ အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲဖို့အတွက်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။”ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်က ပြောကြားခဲ့သည်။
မြို့သစ်မြို့နယ်တွင် နွေစပါး၊ မိုးစပါးနှင့် သီးနှံစုံစိုက်ပျိုးရာသီအတွက် ဆည်ရေသောက်စနစ် (၅)ခုမှ သတ်မှတ်ရက်များတွင် ဆည်ရေလုံလောက်စွာပေးဝေလျက်ရှိပြီး တောင်သူများ ရေရယူသုံးစွဲမှုအဆင်ပြေစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်း၍ တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)