ဘားအံ ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်အားကစားကွင်း၊ ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲက လှာကမြင် ကွက်သစ်ရှိ အဆိုပါအားကစားရုံတည်ဆောက်မည့်မြေနေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ပန္နက်တော်များရိုက်သွင်း၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို နံနက် ၈ နာရီက ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားလှုပ်ရှား ဆောင်ရွက်ခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်မှု ခန္ဓာကိုယ်ကိုစနစ်တကျ ထိန်းချုပ်နိုင်မှု ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်မှု စသည့်အကျိုးတရားများကို ရရှိခံစားရမည်ဖြစ်ပြီး နိုင်ငံတော်မှ အားထားရသည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အမျိုးသားဘော်လီဘောအသင်း (၁၆) သင်း၊ အမျိုးသမီး (၈) သင်းတို့မှ အားကစားများသည် အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ ဘော်လီဘောအသင်း တစ်သင်းလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၂၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် အမျိုးသားအဖွင့်ပွဲစဉ်အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့အသင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ အမျိုးသမီးအဖွင့်ပွဲစဉ်အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်နယ်ပညာရေးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်များတွင် ပြည်နယ်ရဲတပ်ဖွဲ့အမျိုးသားအသင်းနှင့် ပြည်နယ်ပညာရေး အမျိုးသမီးအသင်းတို့က နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ် ကျက်သရေဆောင် ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီးအတွက် အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးနှင့်ဆိုင်သောကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သာသနာ့ဗိမာန်တော် လိုအပ်လျက်ရှိပြီး သာသနာ့ဝေစည်အမည်ရှိ (၄)ထပ်ဓမ္မဗိမာန်တော် ကြီးကို ၂၀၂၁ ခုနှစ် မေလ(၂)ရက်နေ့တွင် အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီလဆန်းတွင်ကျင်းပမည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ယခုတည်ဆောက်နေသည့်ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပသွားနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီး အောင်မြင်ပြီးစီးချိန်တွင် အတူတကွ ရေစက်ချနိုင်ရေး ပြီးပြည့်စုံအောင်ပူးပေါင်းပါဝင်လှူဒါန်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ဌာနဆိုင်ရာမိသားစုများ၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်(၁၅၀)ဦးမှ စုစုပေါင်းငွေကျပ် (ခုနစ်ထောင့်လေးရာ နှစ်ဆယ့်နှစ်သိန်း ခြောက်သောင်းကိုးထောင်တိတိ)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သာသနာ့ဝေစဉ်ဓမ္မဗိမာန်တော်ကြီးကို ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ခြေ မြေနေရာတွင် အလျား ၂၄၀ ပေ၊ အနံ ၁၆၅ ပေ၊ အမြင့် ၅၉ ပေရှိ RC (၄)ထပ်အဆောက်အဦ၌ အထပ်တိုင်းတွင် ကုဋီ(၁၀)ခန်း၊ ၁၀ ပေ လှေကားနှစ်စင်း၊ လူ(၁၀)ဦးဆံ့ ဓာတ်လှေကား၊ ကားပါကင်(၂)ဧကတို့ပါဝင်ပြီး ပြည်နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်၊ သံဃာတော်များ သာသနာရေးကိစ္စ စည်းဝေးတိုင်ပင်နိုင်ရေး၊ သာသနာတော်၏ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော်တည်တံ့အောင် ဆောင်ရွက်တော်မူကြသည့် ပရိယတ္တိဝန်ဆောင်စာဖြေသံဃာတော်များ အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဋ္ဌိပထမပြန်စာမေးပွဲ၊ နိကယ်စာမေးပွဲနှင့် အဘိဓမ္မာ၊ ဝိသုဒ္ဓိစာမေးပွဲများဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ယခုဗိမာန်တော်ကြီးကို တည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)