ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၂)ကျောင်း ထပ်မံ၍ ယာယီပိတ်ထား

ပွင့်ဖြူ  ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်ထပ်မံ၍ အခြေခံပညာစာသင်ကျောင်း(၂)ကျောင်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်း(၂)ကျောင်းမှာ သိမ်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် ကျောင်းစုကျေးရွာအခြေခံ ပညာမူလတန်းကျောင်းတို့ဖြစ်ပြီး ယင်းစာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းများအနေဖြင့် သံကိုင်းကျေးရွာ(အ.မ.က)ကျောင်း၊ ကူကြီးကျေးရွာ(အ.မ.က)ကျောင်း၊ သိမ်ကုန်းကျေးရွာ(အ.မ.က)ကျောင်းနှင့် ကျောင်းစုကျေးရွာ(အ.မ.က)ကျောင်း ၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း(၄)ကျောင်း ရှိပြီဖြစ်ပြီး အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများ စာသင်ချိန် သင်ခန်းစာနောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များကိုအစားထိုး၍ စနစ်တကျဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )