အထက်မင်းလှ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ဆင်ခြေထောက်ရောဂါကြောင်း အသိပညာပေးဟောပြောပွဲနှင့် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး၊ သန်ချဆေးပေါင်းတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၈)နာရီခွဲက မြို့မရပ်ကွက် ရွှေဘုန်းသာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ဆင်ခြေထောက်ရောဂါပိုးသယ်ဆောင်သော ခြင်သည် ရေပုပ်ရေသိုးများ၊ ရေစီးရေလာမကောင်းသည့် ရေမြောင်းပုပ်များ၊ ရေဆိုးကျင်းများ၊ မလုံခြုံသော မြေအောက်မြောင်းများတွင် ပေါက်ပွားသည့်အတွက် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားပြီး မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားအင်စပက်တော် ဦးကျော်စိုးက ငှက်ဖျားရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းက ဆင်ခြေထောက်ရောဂါဖြစ်ရခြင်းအကြောင်းအရာများ၊ ဆင်ခြေထောက်ရောဂါလက္ခဏာများ၊ ရောဂါသက်ရင့်လာသည့်အခါ ဖြစ်နိုင်သည့်လက္ခဏာများ၊ သန်ချဆေးပေါင်းတိုက်ကျွေးခြင်းဖြင့် ရရှိစေသည့် အကျိုးကျေးဇူးများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဆင်ခြေထောက်ရောဂါကာကွယ်ရေးအသိပညာပေးဆွေးနွေး ဟောပြောပွဲတက်လာသည့် ရပ်ကွက်နေပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆင်ခြေထောက်ရောဂါကာကွယ်ဆေး၊ သန်ချဆေး ပေါင်းတိုက်ကျွေးခဲ့ပြီး ဆင်ခြေထောက်ရောဂါအကြောင်း အသိပညာပေးလက်ကမ်စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)