နတ်မောက် ဇူလိုင် ၁၁
မကွေတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းဆောင်းတန်းတွင် မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်ဖြစ်၍ ပန်းဆယ်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပန်းပုလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပန်းပုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်နေသူဦးအောင်လှိုင်က ပန်းပုလုပ်ငန်းက ဘိုးဘေးစဉ်ဆက်လုပ်ကိုင်ခဲ့တာ မဟုတ်ပါဘူး၊၊ ကျွန်တော်ကဝါသနာပါလို့ ပန်းပုပညာကို သင်ယူခဲ့တာပါ၊ ဒါပေမယ့် ဆောင်းတန်းမှာ ပန်းပုလုပ်နေတာကတော့ကြာပါပြီ၊ ဘုရားဆောင်းတန်းမှာ ပန်းပုလုပ်ငန်းလုပ်ရတာက ဘာသာရေးနဲ့ဆက်သွယ်တဲ့ ဘုရားပုံတွေ၊ နတ်ရုပ်ပုံတွေကို ထုပေးရတဲ့အပြင် ကံမြင့်၊ လာဘ်ပွင့်စေတဲ့ အဆောင်ရုပ်များကိုလည်းထုဆစ်ရပါတယ်၊ ဒီမှာကတော့ သစ်သားမျိုးစုံရှိပါတယ်၊ မိမိမှာယူချင်တဲ့ သစ်သားနဲ့ပန်းပုအရုပ်ကိုထုလုပ်ပြီး ရွှေချပေးပါတယ်၊ ထုဆစ်ရမည့်ပန်းပုရုပ်ထု တစ်လက်မကို လက်ခအနေနဲ့ ငွေကျပ်(၇,၀၀၀)ရှိပြီး ပန်းပုရုပ်ကိုရွှေချပေးရရင် ရွှေဆိုင်းတစ်လက်မကို ငွေကျပ်(၃,၅၀၀)နှုန်း ရှိပါတယ်ဟု ပန်းပုထုလုပ်သူ ဦးအောင်လှိုင်ထံမှ သိရသည်။
လှဝင်း