မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

အထက်မင်းလှ ဇူလိုင်  ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက မင်းလှမြို့အဝင် တြိဂံလမ်းဆုံတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူ၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဦးစန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူး ဦးစိုးသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အသိပညာပေးဆိုင်းဘုတ်ကို အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြသည်။ 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူး ဦးစိုးသူနှင့် ဝန်ထမ်းများက တက်ရောက်လာကြသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ တီရှပ်အင်္ကျီများနှင့် ပိုစတာများကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း၏ ရည်ရွယ်ချက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ပိုစတာစိုက်ထူခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်ဦးစီးမှူး ဦးစိုးသူထံမှသိရသည်။                                                                                                

ဇာဇာငြိမ်း (မြို့နယ်၊ ပြန်/ဆက်)