ကံမမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးနှိုးဆော်

ကံမ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအုန်းဌေး၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၆) နာရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းကို  မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြစ်ရေ၊ ချောင်းရေ ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများနှင့် မြစ်ချောင်းများအနီးတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့်မြေပြိုမှုအန္တရာယ်နှင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်၊ ရုတ်တရက် ရေကြီးရေလျံမှုများဖြစ်ပွားပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရန် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)