အထက်မင်းလှ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး အရန်သင့်စုဖွဲ့ထားရှိမှုနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သန်း၊ အဖွဲ့ဝင် ဦးစန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ယမန်နေ့နံနက် (၇)နာရီခွဲက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့ကို လူ၊ ယာဉ်၊ စက်ကိရိယာများဖြင့် အရန်သင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုဖွဲ့ထားရှိများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးဌာနမှ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကာ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအား (၁)သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းလှမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးစခန်းများဆောင်ရွက်ရန်၊ မြို့မရပ်ကွက်၊ တောင်ရပ်ကွက်၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်များနှင့် မလွန်ကျေးရွာရှိ၊ ရပ်ကွက်၊ ကျေးရွာဓမ္မာရုံများ၊ ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကာ မလွန်ကျေးရွာရှိ စာကြောစာသင်တိုက်မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစိန္တိတ အားနဝကမ္မဝတ္ထု ငွေ(၅၀၀၀၀/)ကျပ် ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)