မင်းဘူး ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဉာဏ်ရည်များဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က နန်းတော်ကုန်း အ.ထ.က(ခွဲ)ကျောင်း၊ ဖလံရုံ အ.လ.က ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဝါဝါလှိုင်က (၇၇)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ကိုးဦး၏သမိုင်းအကျဉ်းအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်၏ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်ကြည်က စားသုံးရန်မသင့်သောအစားအစာများ၊ စာသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်နှင်းက အားကစား၏အဓိပ္ပာယ်၊ အားကစားတွင်ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ ရိုးရာအားကစားနှင့်လူထုအားကစားဟူ၍ အားကစား(၄)မျိုးအကြောင်းနှင့် မိမိလူမျိုးနှင့်နိုင်ငံတော်အပေါ် အထောက်အကူပြုပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရန် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ အာဇာနည်နေ့အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)