သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ အစည်းအဝေးအခမ်းအနား ကျင်းပ

သရက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ အထောက်အကူပြုအဖွဲ့ အစည်းအဝေးအခမ်းအနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သရက်ခရိုင်ပြည်သူ့ဆေးရုံနေဖြင့် သရက်ခရိုင်အတွင်းရှိမြို့နယ်များသာမက အောင်လံခရိုင်အတွင်းရှိ မြို့နယ်များမှလည်းအားကိုးရသော ဆေးရုံကြီး(၁)ရုံ ဖြစ်အောင် ကြိုးစားပေးစေလိုကြောင်းနှင့် သရက်ခရိုင်ပြည်သူ့ဆေးရုံ အထောက်အကူပြုအဖွဲ့ဝင်များအနေဖြင့် ခရိုင်ပြည်သူ့ဆေးရုံတိုးတက်အောင်မြင်ရေးအတွက် အဖွဲ့၏လုပ်ငန်းတာဝန်များကိုအရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးဒေါက်တာညွန့်ရွှေအောင်(ဆေးရုံအုပ်)မှ ခရိုင်ပြည်သူ့ဆေးရုံ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်းပေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်ပြည်သူ့ဆေးရုံ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၏တင်ပြမှုအပေါ် ဖြည့်စွက်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)