အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြလို့မြို့ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေလှူဒါန်းပေးအပ်သူများအား မှတ်တမ်းတင်ဂုဏ်ပြုပေးအပ်ပွဲ အခမ်းအနားကျင်းပ

အောင်လံ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောင်လံခရိုင်၊ ပြလို့မြို့ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင် Grade -10 ကျောင်းသား/သူများရရှိရေး ကြိုးစားဆောင်ရွက်ခဲ့ကြသူများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ လှူဒါန်းပေးအပ်သူများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက် (၉) နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ကျောင်းသား/သူများကို ထောက်ပံ့နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ (အလှူငွေစာရင်း) ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အောင်လံခရိုင်ပညာရေးမှူး ဦးဌေးလွင်ထံ အလှူငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောင်လံခရိုင်၊ ပြလို့မြို့ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင် Grade-10 ကျောင်းသား/သူများရရှိရေး ကြိုးစား ဆောင်ရွက်ခဲ့ကြသူများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ လှူဒါန်းပေးအပ်သူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့ပြီး၊ အောင်လံခရိုင် ပညာရေးမှူး ဦးဌေးလွင်က ပညာရေးဌာနနှင့် ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)