ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်

ဟားခါး ဇူလိုင် ၁၀

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကဏ္ဍအသီးသီးမှ တက်ရောက်ကြသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ်မှာ လူဦးရေ(၅)သိန်းကျော်နေထိုင်ပြီး စားရေရိက္ခာဖူလုံမှုဟာ ၄၀ ရာခိုင်နှုန်းသာရှိကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုသည့် အဓိကသီးနှံ ( ၁၀ )မျိုး စိုက်ပျိုးထားပြီး ပြည်နယ်တစ်ခုလုံးတွင် (၉၂၃၈၉) ဧက စိုက်ပျိုးထားသကဲ့သို့ မွေးမြူရေးလုပ်ငန်းတွင်လည်း ကျွဲ၊ နွား၊ နွားနောက်အပါအဝင် တိရစ္ဆာန် (၇)မျိုး ၊ ကောင်ရေ (၁၃)သိန်းကျော် မွေးမြူထားကြောင်း၊ ချင်းပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် MSME အေဂျင်စီက Member ကဒ်များထုတ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း ၊ ပြည်နယ်အတွင်းထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို စားသုံးရုံသာမက တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသထွက်ကုန်ပစ္စည်းများကို အခြားဒေသများ ကို တင်ပို့ရောင်းချနိုင်ပြီး ကုန်စည်းဖလှယ်မှု အားကောင်းလာမည်ဖြစ်သည့်အပြင် ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်ကို လျော့ချနိုင်ပြီး ကုန်စျေးနှုန်းတည်ငြိမ်မှုကိုလည်း အထိုက်အလျောက် အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်းဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများမှာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း အမျိုးမျိုးရှိပြီး စီးပွားရေးလုပ်ငန်းများမှ ဦးဆောင်နေသည့် MSME လုပ်ငန်းများ ပေါ်ထွန်းလာလေလေ ထုတ်ကုန်များ တိုးတက်လာလေလေဖြစ်ပြီး ၎င်းလုပ်ငန်းများတွင် လုပ်ကိုင်မည့် လုပ်သားအင်အား (Labour) များလည်း လိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး သည် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကိုများစွာ အထောက်အကူပြုနေသည်ကို တွေ့ရှိရမည် ဖြစ်သဖြင့် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပြလုပ်လုပ်ရခြင်းဖြစ်ပါကြောင်းဖြင့်  နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ချေးငွေထုတ်ချေးရာတွင် အာမခံ ပစ္စည်းအဖြစ် အသုံးပြုနိုင်သည့် အထောက် အထားများစသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်မှူး ဦးရာလ်ကျုံး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာကိုကိုနိုင်တို့က မိမိတို့ဌာနအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နည်းပညာများကိုလည်းကောင်း၊ လုပ်ငန်းရှင်များကလည်း မိမိတို့လုပ်ငန်းအလိုက် ဆောင်ရွက်ထားရှိမှုနှင့်အစိုးရဘက်မှ ဆောင်ရွက်ပေးစေလိုသည့် အချက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်လုပ်ငန်းရှင်များက ထပ်မံသိရှိလိုသည်များကိုမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)