မင်းဘူး(စကု)မြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

မင်းဘူး ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် ထောက်ရှာပင်ကျေးရွာအုပ်စု၊ တပင်ကျေးရွာ၌ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေတဖြေးဖြေးမြင့်တက်လာမှုနှင့်အတူ မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၇)လုံးနှင့် အိမ်ထောင်စုပေါင်း(၇)စု ကမ်းပြိုဘေးသင့်ခဲ့ရကာ လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကိုဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရသည်။

အဆိုပါ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုပေါင်း (၇)စုမှ ကျား ၁၅ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း လူဦးရေ ၃၂ ဦးတို့အတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လူနေအိမ်ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ဆောက်ပစ္စည်းဖိုးငွေ ၇၀၀,၀၀၀ ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ ၆၇,၂၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ ၇၆၇,၂၀၀ ကျပ် ကို သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)