ချောက်မြို့၌ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) မှ အသိပညာပေး ဟောပြောပွဲကျင်းပ

ချောက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး​ဟော​ပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ​ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​မိုးဇော်နိုင်က အဖွင့်အမှာစကား​ပြောကြားရာတွင် မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အား အထောက်အကူဖြစ်စေရန်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက် “အဂတိပယ်ခွာပြည်သာယာ” ဆိုသည်နှင့်အညီ လုပ်ငန်းတာဝန်များကို အဂတိတရားကင်းရှင်းစွာဖြင့် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်ခရိုင် ဥပဒေအရာရှိ ဒေါ်အေးအေးချမ်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ အဂတိလိုက်စားမှုပုံစံများနှင့် အမျိုးအစားများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာသည့် နစ်နာမှုများအကြောင်းကိုလည်းကောင်း၊ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေပုဒ်မများနှင့် အပြစ်ပေးအရေးယူမှု အပိုင်းများကိုလည်းကောင်း အသီးသီး​ရှင်းလင်းဟောပြောခဲ့​ကြ​ပြီး ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​မိုးဇော်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲသို့ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)