ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် (၆၀) စင်တီမီတာအထိ ကျော်လွန်မြင့်တက်

ပခုက္ကူ  ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၂၂၁၀) စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့၊ စိုးရိမ်ရေမှတ် (၂၁၅၀) စင်တီမီတာထက် (၆၀) စင်တီမီတာအထိ ကျော်လွန်မြင့်တက်နေပြီဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေမှတ် တိုင်းထွာချက်အရ ဇူလိုင်လ (၉) ရက်နေ့ နံနက် (၆) နာရီခွဲအချိန်တွင် ၂၁၁၇ စင်တီမီတာသို့လည်း‌ကောင်း၊ မွန်းတည့် (၁၂) နာရီခွဲအချိန်တွင် (၂၁၂၆) စင်တီမီတာသို့လည်းကောင်း၊ ညနေ (၆) နာရီခွဲအချိန်တွင် (၂၁၃၈) စင်တီမီတာသို့လည်းကောင်း၊  ဇူလိုင်လ (၁၀) ရက် နေ့နံနက် (၆) နာရီခွဲအချိန်တွင် (၂၁၆၂) စင်တီမီတာသို့လည်း‌ကောင်း၊ မွန်းတည့် (၁၂) နာရီခွဲအချိန်တွင် (၂၁၇၄) စင်တီမီတာသို့လည်းကောင်း၊ ညနေ (၆) နာရီခွဲအချိန်တွင် (၂၁၈၆) စင်တီမီတာသို့လည်းကောင်း တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ယနေ့နံနက် (၆) နာရီခွဲတိုင်းထွာချက်အရ (၂၂၁၀) စင်တီမီတာသို့ ရောက်ရှိခဲ့သောကြောင့် ဧရာဝတီမြစ်‌ရေမှတ် စိုးရိမ်ရေမှတ်ထက် (၆၀) စင်တီမီတာအထိ ကျော်လွန်မြင့်တက်နေပြီဖြစ်ကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိ ရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေ၊ ရေကျမှုအခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)