မကွေးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုန် အောင်မြင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဆွေးနွေးပွဲ ကျင်းပ

မကွေး ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန်အောင်မြင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးဟာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စက်မှုကုန်ကြမ်းသီးနှံဝါအပါအဝင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှာ သီးနှံစုံစိုက်ဧက သိန်း (၅၀) ကျော် စိုက်ပျိုးခဲ့ရာမှ  ၂၀၂၃-၂၀၂၄ ခုနှစ်မှာ စိုက်ဧက (၅၃) သိန်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ စိုက်ဧက (၅၆) သိန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ စိုက်ဧက သိန်း (၆၀) စိုက်ပျိုးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ စိုက်ဧက (၅၇)သိန်းကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်မှာ သီးနှံစုံစိုက်ဧကသိန်း(၆၀)ကျော် စိုက်ပျိုးနိုင်ရေးနဲ့ သီးနှံစိုက်ဧကတိုးသကဲ့သို့ သီးနှံအထွက်နှုန်း တိုးတက်ရေးလည်း ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စုစုပေါင်းလျာထားဧက(၂၄)သိန်းကျော်အနက် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ဧက (၁၃)သိန်း ကျော်ကို အထူးဇုန် (၂)ဇုန်အဖြစ် သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဇုန်(၁)မှာ မကွေး၊ ချောက်၊ အောင်လံခရိုင်၊ ဇုန်(၂)မှာ မင်းဘူးနဲ့ သရက်ခရိုင်တို့ပါဝင်ပြီး ဇုန်(၂)ဇုန်၊ ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၇)မြို့နယ်မှာ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းကြီးကြပ်မှု ကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါး (၁၇၁၃၅)ဧက ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ်မှာ မိုးစပါး (၂၈၄၅)ဧက၊ ဆောင်းဆီထွက်သီးနှံများဖြစ်ကြတဲ့ မြေပဲ (၂၆၀၀၈)ဧက၊ နှမ်း (၁၂၇၆၃) ဧကနှင့် နေကြာ (၅၁၃၀)ဧက၊ စုစုပေါင်း (၄၃၉၀၁) ဧက၊ နွေစပါး (၁၁၀၃၉)ဧကတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးမှာ (၂၁၇၂၁) ဧကနဲ့ ဆီထွက်သီးနှံဖြစ်တဲ့ မိုးမြေပဲ (၅၈၂၀၀)ဧကကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ ဆောင်ရွက်ဖို့လျာထားခဲ့တဲ့အပေါ် မိုးမြေပဲ (၅၂၄၀၀)ဧက အဆိုပြုခဲ့ပြီး(၂၆၃၈၀)ဧကကို ပထမအကြိမ်အဖြစ် စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက် လျက်ရှိတာကို တွေ့ရကြောင်း၊ မိုးမြေပဲ လျာထားဧက (၇) သိန်းကျော်မှာ ဧက (၄)သိန်း (၈) သောင်းကျော်ကို အထူးဇုန်အဖြစ်သတ်မှတ် ဆောင်ရွက်ပြီး၊ အရည်အသွေးပြည့်မီတဲ့ သွင်းအားစုတွေကို အပြည့်အဝအသုံးပြုခြင်းဖြင့် အထွက်နှုန်း တိုးတက်ပြီး ထုတ်လုပ်မှုတိုးတက်လာစေဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့(၅၂၄၀၀)ဧက ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ တစ်ဧကလျှင် ချေးငွေ သုံးသိန်းကျပ်နဲ့ ညီမျှတဲ့ သွင်းအားစုများရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူများမှ ချေးငွေပြန်လည်ပေးဆပ်ရာတွင် ချေးငွေပမာဏနဲ့ ညီမျှတဲ့ မြေပဲများကို ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများအဖွဲ့ထံသို့ ရောင်းချပြီး ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများမှ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါကြောင်းနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အထူးဇုန်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဆီထွက်သီးနှံအတွက် ဆောင်ရွက်နိုင်မည့် ရေမြေသဘာဝအခြေခံနဲ့ အခွင့်အလမ်းများ၊ အခြေအနေ ကောင်းများသည် မိမိတို့တိုင်းဒေသကြီးမှာ ရှိနေတဲ့အတွက် ယနေ့ တက်ရောက် လာသူများအနေဖြင့် စီမံကိန်းအောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန် အောင်မြင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ အထူးဇုန်(၁)နှင့် အထူးဇုန်(၂)တို့မှ အထူးဇုန်တာဝန်ခံများက လက်ရှိဆောင်ရွက်မှုများနှင့် ပတ်သက်၍ မျိုးစေ့စုဆောင်း၊ ဖြန့်ဖြူးမှုများ၊ မျိုးကွဲအလိုက်စိုက်ပျိုး ပြီးစီး မှုများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ခင်းမြေယာပြုပြင်ခြင်းများ၊ မြေမျိုးကြီးအလိုက် စိုက်ပျိုးပြီးစီးမှုများ၊ စိုက်ပျိုးရေရရှိရေးနည်းလမ်းအလိုက် စိုက်ပျိုးမှုနှင့် (၁)နှစ် (၃)သီးစိုက်ပျိုးနိုင်ရေးအတွက် ဖြည့်စွက်ရေပေးသွင်းနိုင်ရေး လိုအပ်ချက်များနှင့် နည်းပညာပေးလုပ်ငန်းဆောင်ရွက်မှုများ၊ တောင်သူပညာပေးစံပြကွက်နှင့် စမ်းသပ်ကွက်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကာ၊ တက်ရောက်လာသူ တာဝန်ရှိသူများမှ အကြံပြု အထွေထွေဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံအထူးဇုန် အောင်မြင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ