နတ်တလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

နတ်တလင်း ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉ နာရီချိန်က အ.မ.က(သရက်တပင်)ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ထားထားဦးက ကျောင်းသားကျောင်းသူများအား စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကို အသုံးချတတ်လာပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကို ပြောကြားပြီး ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် ရုပ်ပုံပါစာအုပ်​ဖြင့် ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေး ပြောကြားသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသားကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် စာအုပ်များအား ရက်သတ္တပတ်နှစ်ပတ်ကြာငှားရမ်းပေးခဲ့ပြီး အဆိပ်ပန်းအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာ‌စောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။

နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများသို့ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)