ရေနံချောင်း ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ ဘေးအန္တရာယ်မကျရောက်စေရန် ယမန်နေ့ကစတင်၍ ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးလျက်ရှိသည်။
ထိုသို့ပြောင်းရွေ့ပေးရာတွင် ဇူလိုင် ၉ ရက်နေ့မှ ယနေ့အထိ မိန်းမလှကျွန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု ၃၆ စုမှ ဒေသခံပြည်သူ ၁၅၁ ဦးနှင့် ကျွဲ၊ နွား ၁၂၁ ကောင်ကို မော်တော်ရေယာဉ်များဖြင့် ရေဘေးလွတ်ရာ ပင်းဝကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ပင်းစက္ကလံပ (ပင်းဘုရား) ဝန်းအတွင်းရှိ ဇရပ်၊ တန်ဆောင်းများတွင် ယာယီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ပြောင်းရွေ့ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင် ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတို့က မာန်မြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်