ဓနုဖြူ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်နုက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား မောင်မင်းဟိန်းခန့်က လူငယ်နှင့် ကြီးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသားမောင်ပိုင်ဟိန်းကျော်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူမဝေဝေအောင်က လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မအိမွန်ချိုက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မဆောင်းနံ့သာစံက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြနည်းစနစ်မှူး ဒေါ်ရီရီဝင်းက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်းကို ပါဝင်ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများထဲမှ သိရှိလိုသည်များအားမေးမြန်းခဲ့ရာ တက်ရောက်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
လူငယ်စကားဝိုင်းအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)