ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ကာယပညာမိသားစု (ပထမအကြိမ်)သက်ကြီးပူဇော်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ပြည် ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကာယပညာမိသားစု၏ (ပထမအကြိမ်)သက်ကြီးပူဇော်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသိရီရတနာခန်းမ၌ ကျင်းပရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ပြည်ခရိုင်ပညာရေးမှူးဒေါ်စန်းစန်းဝင်းနှင့် ကာယပညာဆရာ၊ ဆရာမများတက်ရောက်သည်။

ဦးစွာ တက်ရောက်လာကြ‌သူများက ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ အသက် ၆၂ နှစ်မှ ၇၀ ကျော် ကာယပညာ(အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးဆရာမကြီး စုစုပေါင်း ၅၅ ဦးအား လက်အုပ်ချီမိုးပူဇော်ကန်တော့ကြပြီး မျိုးဆက်သစ်ကာယပညာဆရာ၊ ဆရာမများက "တို့ဆရာသီချင်း" ဖြင့် ဂုဏ်ပြုပူဇော်ကြသည်။

ဆက်လက်၍ ကာယပညာဆရာနှစ်ဦးက ကာယပညာသက်ကြီးပူဇော်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပရခြင်းအကြောင်းကို ပန်ကြားတင်ပြပြီး မြတ်ဆရာပူဇော်ကန်တော့ပွဲ ကန်တော့ချိုးဖြင့် ရွတ်ဆိုပူဇော်ကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများထံကာယပညာဆရာ၊ ဆရာမများက ဂုဏ်ပြုပူဇော်ငွေအပါအဝင် ဂါရဝပြုပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး ပူဇော်ခံဆရာကြီး၊ ဆရာမကြီးများက ဩဝါဒဆုပေးစကားများနှင့် ရင်တွင်းပီတိစကားများပြောကြားကြရာ ကာယပညာဆရာတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြန်လည်ပြောကြားပြီး ကာယပညာ ဆရာ၊ ဆရာမများ၏ "ရွှင်လန်းနိုင်ကြပါစေ" တေးသီချင်းသီဆိုဖျော်ဖြေမှုဖြင့်  အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)