ပေါက်ခေါင်း ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်လ ၉ ရက်နေ့အထိ ချေးငွေကျပ် ၂၄၆၆၀၀၀၀၀ ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိပြီး၊ လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း အတိုးနှုန်း(၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ ကံကျင်းကျေးရွာအုပ်စု၊ အင်ငါးခွကျေးရွာအုပ်စု၊ ချောင်းစောက် ကျေးရွာအုပ်စု၊ ကျွဲကလေးစမ်းကျေးရွာအုပ်စု၊ အမှတ်(၁)ရပ်ကွက်၊ ရပ်သစ်ကျေးရွာအုပ်စုနှင့် ဘန့်ဘွေးတောင်ကျေးရွာအုပ်စု စုစုပေါင်းကျေးရွာအုပ်စု(၇)အုပ်စုရှိတောင်သူ ၅၂၄ ဦး၏ လယ်မြေဧက ၁၆၄၄ အတွက်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၂၄၆၆၀၀၀၀ဝိ/-သိန်းကို တောင်သူများ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ယနေ့ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း ညောင်ပင်သာကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။ ဆက်လက်၍ ချေးငွေထုတ်ချေးပေးရန်ကျန်ရှိသူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)