သာယာဝတီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

သာယာဝတီ ဇူလိုင် ၁၀

ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍  ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ သာယာဝတီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊  ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုကျပန်းစကား ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း​ ပြောကြားသည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်က မုဒိတာစကားပြောကြာပြီး မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က မဲကျရာ ခေါင်းစဉ်များဖြစ်သည့် ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ မူးယစ်ရန်ဆွယ်တို့ကာကွယ်၊ အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့၊ အစဥ်ရှေးရှုမြန်မာ့ယဥ်ကျေးမှု၊ စာပေမြင့်မှလူမျိုးတင့်မည်စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။   

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)