ဇီးကုန်း ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ချောင်းစောက်ကျေးရွာအုပ်စု၊ ပေါက်တောလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာဦးနှင့် ဝန်ထမ်းများသည် ပေါက်တောလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ အာဇာနည်နေ့အကြောင်းများကို အသိပညာပေးပြောကြား၍ ဒုတိယဦးစီးမှူးဒေါ်ရီရီမြင့်က စက္ကူပြဇာတ်ပြသခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် စာအုပ်စာစောင်များဖတ်ပြခြင်းများ၊ ဉာဏ်စမ်းပဟေဠိဆော့ကစားခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို စာအုပ်များဖတ်ရှုလေ့လာစေခဲ့ပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တို့အား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)