တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီ ဇူလိုင် ၁၀

၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို အ.ထ.က-တနင်္သာရီကျောင်း ကျောင်းဆောင်အသစ်အတွင်း အထက်တန်းပြ/အလယ်တန်းပြဆရာမများ ကြီးကြပ်မှုဖြင့် ယနေ့မွန်းလွဲ ၁နာရီမှ ၂နာရီအချိန်အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကဗျာရေးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် “သမိုင်းမော်ကွန်းတည်ကိုးဦးအာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသားနှစ်ဦး၊ ကျောင်းသူ ၁၈ဦး၊ ပေါင်း ၂၀ဦးကလည်းကောင်း၊ အလယ်တန်းအဆင့်တွင် “၁၉ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့် ကျောင်းသားနှစ်ဦး၊ ကျောင်းသူ ၁၃ဦး၊ စုစုပေါင်း ၁၅ဦးတို့ကလည်းကောင်း စိတ်ဝင်တစား ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ထို့အတူ စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် “သမိုင်းတွင်သော မမေ့နိုင်တဲ့ကိုးဦးအာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသားငါးဦးနှင့် ကျောင်းသူခြောက်ဦး၊ စုစုပေါင်း ၁၁ဦးကလည်းကောင်း၊ အလယ်တန်းအဆင့်တွင် “အောက်မေ့မိသည်အာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသား ၁၁ဦးနှင့် ကျောင်းသူ ၁၉ဦး၊ ပေါင်း ၃၀ ဦးတို့ကလည်းကောင်း အသီးသီး စိတ်ဝင်တစား လာရောက်ဖြေဆိုကြပြီး ဆုရကျောင်းသူ/ကျောင်းသားများအား အ.ထ.က-တနင်္သာရီကျောင်း၏ ပညာရေးစုံညီပွဲတော်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးထံက သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)