ရေကြည် ဇူလိုင် ၁၀
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဟောပြောပွဲကို ယမန့်နေ့ နံနက် ၉ နာရီ ၃၀မီးနစ်အချိန်က အခြေခံပညာအထက်တန်းကျောင်း (တေဇာသီရိ) ခန်းမ၌ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင်ထူးနိုင်က "သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း နှင့်ကျေးလက်နေလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးပိုင်မင်းဝေမှ "သစ်တောနှင့် ရာသီဥတုပြောင်းလဲခြင်း" ခေါင်းစဉ်ဖြင့် ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲသို့ အ.ထ.က (ရေကြည်) မှကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ၊သစ်တောဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၄၂၂) ဦးတက်ရောက်ခဲ့ကြသည်။
ထို့နောက်ကျောင်းဝန်းအတွင်းတွင် ရေတမာ၊ကံ့ကော်၊ သပြေဘူတ၊ ခရေ စသည့်အရိပ်ရပင်နှင့် ပန်းပင် (၃၀) ပင်အား ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ စုပေါင်းစိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ပြီး ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မပျိုးဉယျာဉ်သို့ လေ့လာရေးခရီးစဉ်အဖြစ်ကျောင်းသား၊ ကျောင်းသူများအား ပျိုးပင်အမျိုးအစားများနှင့် ပျိုးပင်တစ်ခုချင်း၏ အသုံးဝင်ပုံများအား လိုက်လံရှင်းလင်းပြသခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ နှစ်သက်စိုက်ပျိုးလိုသည့်ပျိုးပင်များအား လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မေသန့်ဇင် (ပြန်/ဆက်)