လယ်ကွင်းအတွင်းတွေ့ရှိသော မိချောင်းအားဖမ်းဆီး၍ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသို့ ပြန်လည်လွှတ်နိုင်ရန် စီစဉ်ဆောင်ရွက်

ဘိုကလေး ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ တောင်ဘက် (၆) မိုင်အကွာတွင်ရှိသော ပိုက်စလကျေးရွာအုပ်စုရှိ လယ်ကွင်းအတွင်း၌ မိချောင်းတစ်ကောင် ဝင်ရောက်နေသည်ကို ဇူလိုင် (၉) ရက်နေ့တွင် တွေ့ရှိသဖြင့် ကျေးရွာတာဝန်ရှိသူများက မြို့နယ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူး၊ ဦးစိုင်းဝဏ္ဏကြည်နှင့် ဝန်ထမ်းများသွားရောက်၍ ဒေသခံများနှင့် ပူးပေါင်းကာ လယ်ကွင်းအတွင်းတွေ့ရှိသော မိချောင်းအား တုပ်နှောင်ဖမ်းဆီး၍ မြို့နယ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနသို့ ခေါ်ဆောင်ခဲ့ကြသည်။

ဖမ်းဆီးခဲ့သော မိချောင်းမှာ အသက်(၂၇)နှစ်အရွယ် အရှည်(၁၀)ပေအရွယ်ရှိ မိချောင်းအမတစ်ကောင်ဖြစ်ပြီး ယခုအချိန်ကာလသည် မိချောင်းများအသိုက်ပြုလုပ်တတ်သည့် အချိန်ဖြစ်သောကြောင့် ပိုက်စလကျေးရွာရှိ လယ်ကွင်းအတွင်း၌ အသိုက်ပြုလုပ်ရန်တက်ရောက်ခိုနားခြင်း ဖြစ်နိုင်ကြောင်းနှင့်ထိုမိချောင်းအား တာဝန်ရှိသူများက ဒီရေထချိန်သို့ စောင့်၍ မိချောင်းများကျင်လည်ရာ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသို့ ပြန်လွှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)