တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း အသစ်တည်ဆောက်ထားရှိသည့် ဓမ္မာရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီက ထားဝယ်တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်တို့က ထားဝယ်တက္ကသိုလ်ဓမ္မာရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဧည့်သည်တော်များက ဓမ္မာရုံကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တက္ကသိုလ်များ၏အင်္ဂါရပ်တစ်ခုဖြစ်သည့် တက္ကသိုလ်ဓမ္မာရုံတစ်ခုကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်ပေးနိုင်သောကြောင့် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တက္ကသိုလ်များသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် လူမှုရေးဦးတည်ချက်ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ဓမ္မာရုံများတွင် ဆရာ/မများ၊ ကျောင်းသား/သူများ ဝါဆိုသင်္ကန်းကပ်လှူပွဲများ၊ ဝါတွင်းဥပုသ်သီလပွဲများ၊ ပရိတ်ပဌာန်းရွတ်ဖတ်ခြင်းများ၊ ဓမ္မစင်္ကြာရွတ်ဖတ်ခြင်းများ၊ ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းများ၊ ဆရာကန်တော့ပွဲများ ကျင်းပဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို စာရိတ္တကောင်းသောလူငယ်လေးများဖြစ်အောင်၊ ကိုယ်ကျင့်တရားကောင်းပြီး တာဝန်ယူစိတ်၊ တာဝန်ခံရဲသောစိတ်ရှိသည့် ရိုးသားဖြေင့်မတ်သော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပြီး စာရိတ္တဗလမြှင့်တင်ရေးလုပ်ငန်းစဉ်များအတွက်လည်း အနှစ်သာရပြည့်ဝပြီး တန်ဖိုးရှိကြောင်း၊ ထားဝယ်တက္ကသိုလ်ရှိ ဆရာ/မများ၊ ကျောင်းသား/သူများအတွက် ဘာသာရေး၊ လူမှုရေးအခမ်းအနားများ ကျင်းပနိုင်ရေးအတွက် လိုအပ်လျက်ရှိသော တက္ကသိုလ်ဓမ္မာရုံတစ်ခုကို ပေါ်ထွန်းလာစေရေးအတွက် မတည်လှူဒါန်းပေးခဲ့ပါသော အလှူရှင်မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တိုင်းအဆင့်အရာရှိကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်မျိုးဆက်သစ်ကျောင်းသား/သူများတို့တွင် အမျိုးဘာသာ၊ သာသနာယဉ်ကျေးမှုကို စောင့်ထိန်းလိုက်နာတတ်စေပြီး စိတ်ဓာတ်ဖြင့် ပြည့်ဖြိုးလာစေကာ မျိုးဆက်သစ်လူငယ်ထုအတွင်း စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်၍ နိုင်ငံတော်ကအားထားရမည့်လူငယ်လူရွယ်များ ပေါ်ထွန်းစေရေးအတွက် ဗလငါးတန်နှင့်ညီညွတ်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ထားဝယ်တက္ကသိုလ်ဓမ္မာရုံကို အလှူရှင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများတို့က မတည်ငွေစုစုပေါင်း ကျပ်သိန်း (၂၀၀၀၀)ကျော်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)