မင်းကင်း ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့ရန်လိုအပ်သည့် ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့ပေးခြင်းကို ယမန်နေ့ညနေပိုင်းက မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဘေးစီမံဌာနမှတာဝန်ရှိသူများက မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက်၊ ကျေးတောင်ဦးကျေးရွာနှင့် ရေပုတ်ချောင်းကျေးရွာများ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ယွန်းဘုန်းတော်ကြီးကျောင်း ယာယီရေဘေးရှောင်စခန်းနှင့် အမှတ်(၃)ရပ်ကွက်ရှိ မင်းမဟာကျောင်းတိုက် ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူ ၂၂၇ ဦးအတွက် မြို့နယ်ဘေးစီမံဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၉၅၃၄၀၀)ကျပ်၊ ကျေးတောင်ဦးကျေးရွာနှင့် ရေပုတ်ချောင်းကျေးရွာမှ ရေဘေးရှောင်ပြည်သူ ၂၀ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀၀)ကျပ် စုစုပေါင်း(၁၀၃၇၄၀၀)ကျပ်ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဆိုပါရေဘေးရှောင် အိမ်ထောင်စု(၆၈)စုမှ လူဦးရေ(၂၄၇)ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် မာမားခြောက်ဆွဲခြောက် ၅ ထုပ်နှုန်းဖြင့် ငွေကျပ်တန်ဖိုး ၂၀၄၀၀၀ တို့ကို ရေဘေးရှောင်ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့တွင် ချင်းတွင်းမြစ်၏စိုးရိမ်ရေအမှတ်မှာ ၁၃၅၀ စင်တီမီတာဖြစ်၍ မိုးသည်းထန်စွာ ရွာသွန်မှုများကြောင့် ချင်းတွင်းမြစ်၏စိုးရိမ်ရေအမှတ်အထက် ၁၅၃၁ စင်တီမီတာတွင် ရောက်ရှိနေပြီး မြေနိမ့်ပိုင်းတွင်နေထိုင်ကြသော ဒေသခံအိမ်ထောင်စုများကို ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် မြစ်ရေမြင့်တက်မှု အခြေအနေများကိုသိရှိနိုင်ရေး၊ လိုအပ်ပါက ပြောင်းရွှေ့နေရာချပေးနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းကင်း(ပြန်/ဆက်)