မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော် မကွေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

မကွေး ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက မကွေးဗဟိုအကျဉ်းထောင်အား သွာရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က အကျဉ်းသူ၊ အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှင်းပန်းနှိပ်စက်မှုများရှိမရှိ၊ သောက်သုံးရေသန့်ရှင်းစင်ကြယ်မှုရှိမရှိနှင့် အစားအသောက်အာဟာရ သင့်တင့်မျှတ ကောင်းမွန်စွာ ကျွေးမွေးမှု ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု သန့်ရှင်းမှုရှိ/ မရှိ၊ အဆောင်များ သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိ၊ အမျိုးသမီးအကျဉ်းသူ အချုပ်သားများအား အကာအရံလုံခြုံစွာဖြင့် အမျိုးသမီးအဖော်များဖြင့် စောင့်ရှောက်မှုရှိမရှိ၊ စစ်ဆေးဆဲအမှုများမှ ကြန့်ကြာသည့် အချုပ်တရားခံများ ရှိ/မရှိ၊ လူ့အခွင့်အရေးများချိုးဖောက်မှု ရှိ/မရှိတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မကွေးဗဟိုအကျဉ်းထောင်အတွင်း၌ အပြစ်ကျအကျဉ်းသား ကျား (၁၉၁၅) ဦး၊ မ (၂၆၈) ဦး၊ စုစုပေါင်း (၂၁၈၃) ဦးရှိပြီး တရားရုံးစစ်ဆေးဆဲ အချုပ်သားကျား (၇၅) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း (၉၂ ) ဦး ရှိကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)