ဘိုကလေးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဘိုကလေး ဇူလိုင် ၁၀

ယခုလတ်တလော၌ နိုင်ငံတစ်ဝှမ်း၌ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါအား ဒေသတွင်းကူးစက်မှုမဖြစ်ပွားစေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းလိုက်ပါ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျောင်းမုန့်ဈေးတန်းမှ ဈေးသည်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတတ်သည့် အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား အသိပညာပေးခဲ့ပြီး ဝမ်းရောဂါများ မဖြစ်စေရေးအတွက် သန့်ရှင်းစွာရောင်းချကြရန် လမ်းညွှန်အမှာစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ နံနက်(၁၁)နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်း၊ ဘိုကလေးကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူများအားကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက ကျောင်းသား/သူများ မိမိတို့ရည်မှန်းချက် ဘဝပန်းတိုင်များသို့ အရောက်လှမ်းရန် အရေးကြီးဆုံးလိုအပ်ချက်မှာ ကျန်းမာရေးဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်ဖို့အတွက် သန့်ရှင်းစွာနေထိုင်ရမည်ဖြစ်ကြောင်း၊ ဘိုကလေးကုတင်(၁၀၀) ပြည့်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါ်အေးမြတ်မွန်တို့က ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ၊ ဖြစ်ပွားကူးစက်ရသည့်အခြေအနေများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒေါ်သီတာမျိုးက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းတို့အား အသီးသီး အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

မိုးစက်