ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(သစ်ဆိမ့်ကိုင်း)တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ကြံခင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကိုင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(သစ်ဆိမ့်ကိုင်း)တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(သစ်ဆိမ့်ကိုင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေမှဗဟုသုတ အသိအလိမ္မာများရရှိစေရန်၊ အမှားအမှန် ခွဲခြားတတ်လာစေရန်စသည့်ရည်ရွယ်ချက်ကောင်းများစွာ တိုးပွားလာစေရေးအတွက် ယခုလိုကျေးရွာရှိ အခြေခံပညာကျောင်းများအရောက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းစာကြည့်တိုက်များ၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်း နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း၊ ကျောင်းစျေးတန်း များနှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  စားသုံးရန်မသင့်သော အစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများ အကြောင်းအားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက ကလေးအလုပ်သမားပပျောက်ရေးနှင့်ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး အကြောင်းအရာများအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက  လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ 

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်သုတရသစာအုပ်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)