တောင်တွင်းကြီး ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (community centre) ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီက ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသောအစားအစာ စားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်ရန်၊ လက်သန့်စင်ရေးနှင့် တကိုယ်ရေသန့်ရှင်းရေး ဂရုပြုရန်၊ ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသရန် စသည်တို့ကို ရှင်းလင်းပြောကြားပြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ Grade -6 ကျောင်းသား၊ ကျောင်းသူ (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)