ပုလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုး

ပုလော ဇူလိုင်  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ပုလောမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးရဲဝင်းက  သစ်ပင်စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးသည့်နည်းစနစ်များ၊ စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်များ၊ မြေဩဇာကျွေးခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ် သစ်တောဦးစီးမှူး ဦးရဲဝင်းက ပုလောမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများကို မန်ဂျန်ရှားပျိုးပင် (၄၀) ကို ပေးအပ်ကာ လက်တွေ့သရုပ်ပြ၍ ပုလောမြို့နယ် ပညာရေးမှူးရုံးဝင်းအတွင်း စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 အေးအေးမော်(ပုလော)