သရက်ချောင်းမြို့၌ မြို့နယ်အဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သရက်ချောင်း ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော မြို့နယ်အဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကာ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ဦးတည်ချက် (၉)ရပ်၌ လူမှုရေးဦးတည်ချက်တွင်ပါဝင်သော တစ်မျိုးသားလုံး သက်ရှည် ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း ပြည်သူလူထုများ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများကင်းဝေးစေရန် ကျန်းမာရေးဌာန၊ အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နှိမ်နင်းရေးအဖွဲ့ တာဝန်ခံဆရာဦးဇော်လွင်မှ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ မိတ်ဖက်ငှက်ဖျားအဖွဲ့အစည်း (SCH)အဖွဲ့ ဒေသဆိုင်ရာ ကွင်းဆင်းအရာရှိ (TSO) ဦးခင်မောင်စိုးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခြင်းနှင့်အခမ်းအနားသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)